မြ ရေးသားသည်။
အစ်ကိုရင်းဖြစ်သူ မိမိလက်ပေါ်မှာပင် အသက်ဆုံးရှုံးခဲ့သည့် ရှေ့တန်းစစ်မြေပြင်တစ်နေရာက ကြေကွဲစရာဖြစ်ရပ်က မပုလဲအတွက် ကြီးမားသော စိတ်ဒဏ်ရာအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။
“နောက်ပိုင်းမှာ ရှေ့တန်းက ရဲဘော်တွေ ဒဏ်ရာရလာရင် ဆေးထည့်ဖို့မပြောနဲ့၊ ကြည့်လို့တောင်မရတဲ့ အထိကို ဖြစ်သွားခဲ့တယ်။ တော်လှန်ရေးကို မလုပ်နိုင်တော့ဘူးလို့ ထင်တဲ့အထိကို စိတ်ဓာတ်တွေ ကျခဲ့ရတယ်” ဟု မပုလဲက ဆိုသည်။
အသားဖြူဖြူ၊ မျက်ခုံးနက်နက်နှင့် စကားပြောလျှင် အသံခပ်ဝဲဝဲပြောတတ်သည့် အသက် ၂၇ နှစ်အရွယ် သားဖွားဆရာမ မပုလဲသည် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့မှဖြစ်သည်။ လုပ်သက် ငါးနှစ်ခန့်ရှိပြီ ဖြစ်သည့် မပုလဲမှာ အစိုးရဝန်ထမ်းအဖြစ် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာ သိမ်းလိုက်ချိန်တွင် CDM လှုပ်ရှားမှု၌ပါဝင်ခဲ့သူဖြစ်သည်။ ထို့နောက် ကရင်နီပြည်နယ်ရှိ KNDF တပ်ရင်း ၁၀ တွင် ကျန်းမာရေး တာဝန်ခံအဖြစ် ပါဝင်လုပ်ကိုခဲ့သည်။ တစ်ခါတစ်ရံတွင် ရှေ့တန်းစစ်မြေပြင်များသို့လည်း လိုက်ပါရသလို ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း နွေဦးဂုရုကျန်းမာရေးအဖွဲ့နှင့် အတူလုပ်ဆောင်ခဲ့သည်။
အစ်ကိုဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးနောက် စိတ်အလွန်အမင်းထိခိုက်ခဲ့ရသည့် မပုလဲက ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် စဥ်းစားခဲ့သည့်အခါတွင် ကရင်နီပြည်နယ် အတွင်း၌ မိခင်နှင့်ကလေးစောင့်ရှောက်မှုမှာလိုအပ်နေသည့် ကဏ္ဍတစ်ခုဖြစ်နေသည်ကို တွေ့မြင်ရသည့်အတွက် အနီးအနားရှိ လုပ်ဖော်ကိုင်ဖက်များနှင့်တိုင်ပင်၍ ကရင်နီသားဖွားဆရာမများရပ်ဝန်း (KMS) ကို ၂၀၂၂ ခုနှစ် သြဂုတ်လထဲ၌ အခြား CDM သားဖွားဆရာမများနှင့်အတူ စတင်ဖွဲ့စည်းခဲ့သည်။
“လမစေ့ဘဲ မွေးလာတဲ့ ကလေးတွေအများကြီးပဲ၊ မိခင်နဲ့ ကလေးစောင့်ရှောက်မှုက အရမ်းလိုအပ်တဲ့ အခြေအနေဖြစ်နေတဲ့အတွက် ဒါကိုပဲတစိုက်မတ်မတ်ပြန်လုပ်ဖို့ တွေးမိတယ်” ဟု KMS တွင် ဒုဥက္ကဌ အဖြစ် တာဝန်ယူထားသည့် မပုလဲက ပြောသည်။
အဖွဲ့ဝင် ၃၁ ဦးနှင့် စတင်ခဲ့သည့် KMS တွင် ယခုအခါ အဖွဲ့ဝင် ၁၀၀ ကျော်ရှိပြီဖြစ်ကာ ကရင်နီပြည်နယ် အတွင်း ဆေးခန်း ၆၂ ခု ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ ၎င်းတို့အဖွဲ့က ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှု၊ မီးဖွားခြင်း၊ သားဆက်ခြားခြင်း၊ ကျန်းမာရေးပညာပေး လုပ်ငန်းနှင့် ကလေးငယ်များ အာဟာရပိုင်းအတွက် အဓိကဆောင်ရွက်နေပြီး တစ်လလျှင် ကိုယ်ဝန်ဆောင်ဦးရေ ၁၀၀ ခန့် စောင့်ရှောက်မှုပေးရသည်ဟုလည်း ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် တိုင်းပြည်အခြေအနေမှာ ဘက်ပေါင်းစုံမှ ပျက်စီး ယိုယွင်းလာပြီး နိုင်ငံအနှံ့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် များ၏ တိုက်ပွဲများမှာလည်း တစထက်တစ ပြင်းထန်လာသည့်အတွက် ပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရေးမှာ ယခင်ကထက် ပို၍ပင် ခက်ခဲလာခဲ့သည်။
စစ်ကောင်စီက ၎င်းတို့လက်အောက်ရှိ ဆေးရုံ၊ဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမပေးနိုင်သည့်အပြင် ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများကိုလည်း ချိတ်ပိတ်ခြင်း၊ လုပ်ငန်း လိုင်စင်ပိတ်သိမ်းခြင်းများကို ပြုလုပ်ခဲ့သည်။ အစိုးရ ဆေးရုံ၊ဆေးခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုရရှိရန် ခဲယဥ်းလာသည့် ပြည်သူလူထုမှာ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထိန်းချုပ်ထားသည့် နယ်မြေများတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် ဆေးရုံ၊ဆေးခန်းများ နှင့် နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုများကို အားထားလာရသည်။
မပုလဲ လှုပ်ရှားဆောင်ရွက်နေသည့် KMS က ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုများအပြင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း လုပ်ဆောင်ပေးနေသည်။ ၎င်းတို့မှာ လူအင်အား ရှိသည့်တိုင်အောင် ဆေးဝါးမလုံလောက်ခြင်းသည် အဓိက ရင်ဆိုင်နေရသည့် အခက်အခဲဖြစ်သည်ဟု လည်းဆိုသည်။
“ဆေးလုံလောက်မှုရှိတဲ့အခါတွေမှာတော့ ဆေးရုံ၊ ဆေးခန်းနဲ့ လက်လှမ်းမမီတဲ့နေရာတွေကို သွားရောက် ကုသပေးပါတယ်။ ဆေးမလုံလောက်ရင်တော့ မြေပြင်မှာ ကိုယ့်ထက်ပိုအားကောင်းတဲ့ အဖွဲ့အစည်းတွေကို အကူအညီတောင်းဖြေရှင်းရတာမျိုးရှိပါတယ်” ဟု မပုလဲကပြောသည်။
CDM ကျန်းမာရေးဝန်ထမ်းများဖြင့် အဓိကလည်ပတ်နေသည့် NUG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာန က ယခု ဇွန်လထဲတွင် ထုတ်ပြန်ခဲ့သည့် သုံးနှစ်ပြည့်အစီရင်ခံစာထဲ၌ ၎င်းတို့အနေဖြင့် ဆေးရုံ ၇၇ခု၊ ဆေးခန်း ၃၇၇ ခုနှင့် ရွေ့လျားဆေးခန်း ၂၅၀ ခု တည်ထောင်နိုင်ခဲ့ကာ ပြင်ပလူနာ ဆယ်သိန်းကျော် နှင့် ခွဲစိတ်ကုသမှုပေါင်း လေးသောင်းကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြေပြင်တွင် အမှန်တကယ် ကုသမှုခံယူခဲ့သူအရေအတွက်မှာ သုံးဆကျော်ပိုများနိုင်သည်ဟု ဆိုထားသည်။ မြေပြင်တွင် ကုသမှု မခံယူနိုင်သည့် လူနာများအတွက်လည်း အခမဲ့ အွန်လိုင်းဆေးခန်းဖြစ်သည့် တယ်လီကျန်းမာကို ဖွင့်လှစ်ထားပြီး မြန်မာပြည်တွင်းအပြင် ပြည်ပနိုင်ငံ ၄၇ နိုင်ငံရှိ ပြည်သူများ ပြသကြသည်ဟုလည်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
စစ်အာဏာမသိမ်းမီကပင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အားနည်းလျက်ရှိပြီး လူ တစ်ထောင်လျှင် ကျန်းမာရေးဝန်ထမ်း ၀.၇ ဦးသာရှိကာ အရှေ့တောင်အာရှတွင် အနိမ့်ဆုံးဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ကျန်းမာရေး ဝန်ထမ်းများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဆေးရုံ၊ဆေးခန်းများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သောကြောင့် ကျန်းမာရေးဝန်ထမ်းအများအပြားမှာ တိမ်းရှောင်ထွက်ပြေးခဲ့ရသဖြင့် ထို အခြေအနေများမှာပို၍ ဆိုးရွားလာခဲ့သည်ဟု ဆွစ်ဇာလန်အခြေစိုက်စောင့်ကြည့်လေ့လာရေးအဖွဲ့ Insecurity Insight က၏ ၂၀၂၄ ခုနှစ် အစောပိုင်းထုတ်ဝေခဲ့သည့် အစီရင်ခံစာအရသိရသည်။
ထို့ပြင် သုံးနှစ်တာ ကာလအတွင်း စစ်ကောင်စီက ဆေးရုံဆေးခန်းများကို တိုက်ခိုက်မှုပေါင်း ၁၁၂၇ ခုဖြစ်ပွားခဲ့ကာ ကျန်းမာရေးဝန်ထမ်း ၈၉၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ၁၀၈ ဦးသတ်ဖြတ်ခံခဲ့ရသည်ဟုလည်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
“စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေက ကျန်းမာရေးစောင့်ရှောက်မှု ရကို မရတော့တဲ့ အနေအထားမှာ ရှိနေပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသအတွင်း မြေပြင်သပိတ်တိုက်ပွဲများကို ဦးဆောင်နေသည့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ မချောစုဟန်က ဆိုသည်။
တိုက်ပွဲများအတွင်း စစ်ရှောင်ရင်း မိုင်းထိသည့် အရပ်သားများမှာ စစ်ကောင်စီထိန်းချုပ်ရာဒေသများရှိ ဆေးရုံများသို့ သွားပြလျှင် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရင်းသွေးထွက်လွန်၍ သေဆုံးခြင်း၊ ပစ်သတ်ခံရခြင်း ၊ လမ်းပန်း ဆက်သွယ်ရေးအဆင်မပြေသဖြင့် ဆေးဝါးသယ်ယူရခက်ခဲခြင်းနှင့် အရေးပေါ်လူနာများပို့ဆောင်ရာတွင်လည်း အသက်ဆုံးရှုံးမှုများရှိကြောင်း ၎င်းက ပြောသည်။ ထို့ပြင် မီးဖွားရန်ခက်ခဲနေသည့် ကိုယ်ဝန်ဆောင်များမှာလည်း ဆေးရုံမသွားနိုင်သည့်အတွက် အသက် ဆုံးရှုံးမှုများရှိနေသည်ဟုလည်း မချောစုဟန်က ဆက်ပြောသည်။
“ရွာမှာပဲ မွေးနေရင်း အခြေအနေမကောင်းလို့ ခွဲစိတ်ဖို့ ဆေးရုံကို လာတဲ့အခါ လမ်းခရီးကြန့်ကြာသွားလို့ လမ်းမှာပဲ ကလေးသေဆုံးသွားရတာမျိုးတွေရှိတယ်”
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူဦးရေမှာ ၁၈.၆ သန်းရှိပြီး ၎င်းတို့အနက် ၆ သန်းမှာ ကလေးငယ်များဖြစ်သည်ဟု သိရသည်။ စားနပ်ရိက္ခာမလုံလောက်မှုမှာ စိုးရိမ်ဖွယ်အနေအထားဖြစ်နေပြီး ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့သော မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီး သွားခဲ့သည်ဟုလည်း UNOCHA က ဆိုထားသည်။
“ခရီးသွားလာစရိတ်မရှိတာကလည်း ကိုယ်ဝန်ဆောင်တွေအတွက် အခက်အခဲဖြစ်နေတယ်။ မွေးခါနီးမှ ကျန်းမာရေးစောင့်ရှောက်မှုလာခံယူတော့ အားဆေးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံ လောက်လောက်မရတဲ့အခါကျ မွေးလာတဲ့ကလေးမှာ ပြဿနာသွားဖြစ်တယ်” ဟု မပုလဲက ပြောသည်။
ငွေကြေးချို့တဲ့သဖြင့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်အောင်မစားနိုင်သည့်အတွက် သန္ဓေသား ဖွံ့ဖြိုးမှုလည်း အားနည်းကာ ဥာဏ်ရည်မပြည့်မီသောကလေးများ မွေးလာမည်ကို စိုးရိမ်ရသည့်အပြင် မိခင်က နို့ထွက်မကောင်းပါက ကလေးတွင် အသားဝါဝင်သည့် ပြဿနာမျိုးလည်း ရှိကြောင်း၎င်းက ဆက်ပြောသည်။
“ကရင်နီပြည်နယ်မှာဆို မွေးစကလေးတွေမှာ အသားဝါဖြစ်တယ်။ အသက်ရှုလမ်းကြောင်း ပိုးဝင်တာတွေများတယ်။ ပုံမှန် ကြီးထွားမှုမရှိတာတွေလည်းမြင်တယ်။ ကလေးတွေ အာဟာရချို့တဲ့မှု တွေလည်း ဖြစ်နေတယ်”
ရခိုင်ပြည်နယ်ထဲတွင်မူ ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ စတင်၍ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လူသားချင်းစာနာမှု အကူအညီများကိုပိတ်ဆို့ထားသည့်အပြင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်အကြား ကုန်းလမ်း၊ ရေလမ်း သွားလာခြင်းကိုလည်း ပိတ်ထားသဖြင့် ရခိုင်ပြည်နယ်တွင်း ပိတ်ကျန်နေခဲ့သည့် အရပ်သားပြည်သူ များမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများရင်ဆိုင်နေကြရသည်။ ဆေးရုံ၊ဆေးခန်း များတွင်လည်း ဆရာဝန်၊သူနာပြုများမရှိကြသည့် အနေအထားဖြစ်နေသောကြောင့် ဒေသခံများမှာ ကျန်းမာရေး စောင့်ရှောက်မှုရရန်ခက်ခဲနေကြသည်ဟု ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ရခိုင်ပြည်နယ်တွင်း ၎င်းတို့ ထိန်းချုပ်ရာဒေသများသို့ လာရောက် ခိုလှုံကြသော စစ်ရှောင်ဦးရေမှာ ငါးသိန်းအထိရှိလာပြီဖြစ်ကာ လာမည့်မိုးတွင်းကာလ အတွက် အမိုးအကာ၊ အခြေခံစားနပ်ရိက္ခာများအပြင် ကလေးနှင့်အမျိုးသမီးလစဥ်သုံးပစ္စည်းများ အရေးတကြီး လိုအပ်နေသည်ဟု မေလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ပိတ်ဆို့ထားမှုကြောင့် ကုန်စျေးနှုန်းကြီးမြင့်လာမှုနှင့်အတူ ရခိုင်ပြည်နယ်တွင်း အမျိုးသမီးလစဥ်သုံး ပစ္စည်းများဝယ်ယူရန်ခက်ခဲသည့်အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာလည်း ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုမရသည့် အနေအထားဖြစ်နေကာ မီးဖွားချိန်၌လည်း အရပ်လက်သည် ဖြင့်သာ မွေးနေရသည်ဟုလည်းသိရသည်။
ရခိုင်ပြည်နယ်တွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ဘူးသီးတောင်မြို့နယ်ရှိ ၎င်းတို့၏ ဆေးခန်းမှာ တိုက်ပွဲများအတွင်း မီးလောင်ပျက်စီးခဲ့ရပြီး သိုလှောင်ထားသည့် ဆေးများနှင့် ဆေးပစ္စည်းများအားလုံးကို ဆုံးရှုံးခဲ့ရသည်ဟု ဧပြီလ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မတ်လအတွင်းက မောင်တောမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ပိတ်ချလိုက်သည့် အတွက်လည်း ကိုယ်ဝန်ဆောင်များအပါအဝင် အရေးကြီးလူနာများ၊ ခွဲစိတ်ကုသရမည့် လူနာများ အတွက် ဆေးကုသမှုခံယူခွင့်မှာ ပို၍ခက်ခဲလာခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲတွင် စစ်ရှောင် ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးမှာ စစ်တွေ ဆေးရုံသို့ သွားရာတွင် မြို့တွင်းသို့ ဝင်ခွင့်ငြင်းပယ်ခံခဲ့ရသဖြင့် မိခင်ရော ကလေးပါ သေဆုံးခဲ့ရသည်။ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအတွင်း မီးဖွားနေစဥ်သေဆုံးခြင်းနှင့် ကလေးအသေ မွေးခြင်းများ ၉ ခုရှိခဲ့သည်ဟု MSF မှတ်တမ်းများအရသိရသည်။
MSF တွင် ရခိုင်ပြည်နယ်တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် ဒေါက်တာ Nimrat Kaur က စစ်ကောင်စီက ဆေးရုံများကို ပိတ်လိုက်သည့်အတွက် အရပ်သားပြည်သူများမှာ ၎င်းတို့ အပါအဝင် မြေပြင်တွင်အကူအညီပေးနေသည့် အဖွဲ့အစည်းများကို ပိုအားထားလာသော်လည်း ဆေးဝါး မလုံလောက်မှုကို ရင်ဆိုင်နေရသည်ဟုဆိုသည်။
“ကျွန်မတို့ဆီမှာ အနည်းဆုံး လေး၊ငါးလ လောက်စာထိ ဆေးကိုလှောင်ထားပေမယ့်လည်း ခဏလေးနဲ့ ပြတ်သွားတတ်သလို ထပ်ဖြည့်ဖို့ကလည်း နည်းလမ်းမရှာနိုင်သေးဘူး” ဟု ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ရေးသားခဲ့သည်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အချက်အလက်များ အရ နိုင်ငံတွင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် ကျန်းမာရေး ထောက်ပံ့မှု လိုအပ်နေသူဦးရေမှာ ၁၂.၁ သန်းရှိနေသည်ဟု သိရသည်။
(ယခုဆောင်းပါးကို the Asia Pacific Forum on Women, Law and Development ၏ “Media and Visual Journalism Fellowship on Militarism, Peace and Women’s Human Rights” အစီအစဥ်မှ ပံ့ပိုးမှုဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။)