တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ

People's Spring
June 24, 2024
https://www.facebook.com/LuduNwayOo/posts/pfbid0FbycsJxSi7omuqUjGX2QupQcpoMESFqHz4Cvtpt7BsELvd8TyEajc4WU4UyjrZFwl

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများသည် ရှေ့တန်းက တက်ကြွစွာဦးဆောင်ခဲ့ကြသည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီး ရက် အနည်းငယ်အကြာ၌ နိုင်ငံအနှံ့တွင်စတင်ခဲ့သည့် ဆန္ဒပြပွဲများတွင်လည်း အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ စက်ရုံအလုပ်ရုံများမှ အမျိုးသမီးအလုပ်သမများ၊ အစိုးရဝန်ထမ်းများ၊ အလုပ်သမားသမဂ္ဂများနှင့် ကျောင်းသား သမဂ္ဂများမှ အမျိုးသမီးငယ် များမှာ ရှေ့ဆုံးမှ ဦးဆောင် ပါဝင်ခဲ့ကြသည်။ ယခုလက်ရှိ အချိန်ထိ သုံးနှစ်ကျော်ကာလအတွင်း နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင် အမျိုးသမီးများမှာ မြေပြင်ဆန္ဒပြပွဲများမှစ၍ လက်နက်ကိုင်တော်လှန်ရေးအထိ ပုံစံမျိုးစုံဖြင့် ပါဝင် နေကြဆဲပင်ဖြစ်သည်။

နွေဦးတော်လှန်ရေးထဲက အမျိုးသမီးများ

“အရပ်သားဘဝကနေ စစ်သားဘဝကို ပြောင်းရတော့ ကြမ်းတမ်းတဲ့စစ်သင်တန်းတွေကို ရုန်းကန် ခဲ့ရတယ်။ အစားအသောက်ကအစ တကယ်ကို ကြံ့ကြံ့ခံခဲ့ရတယ်” ဟု ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် (BPLA) မှ ပြန်ကြားရေးအဖွဲ့ဝင် စစ်မေ ဂျီဂျီက ဆိုသည်။

စစ်မေဂျီဂျီသည် အာဏာမသိမ်းမီက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျာမန်ဘာသာစကား နောက်ဆုံးနှစ် တက်ရောက်သင်ကြားခဲ့သူဖြစ်ကာ ဟိုတယ်လုပ်ငန်းကို စိတ်ပါဝင်စားခဲ့သူဖြစ်သည်။ အာဏာသိမ်းမှုအစပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ များတွင် ပါဝင်ခဲ့ကာ အများနည်းတူ တော်လှန်ရေးတွင် ပါဝင်ခဲ့သော်လည်း စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်လာသည့်အခါ လက်နက်ကိုင်၍ တော်လှန်ရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ပြောသည်။

“အာဏာသိမ်းခါစက အမှန်တိုင်းပြောရရင် နိုင်ငံရေးနဲ့ပတ်သက်ပြီး သိပ်စိတ်မဝင်စားဘူး။ ကျွန်တော် သိတာက အင်တာနက်နဲ့ ဖုန်းလိုင်းတွေပျက်သွားပြီဆိုတာပဲ။ အခွင့်အရေးတွေ ဆုံးရှုံးသွားသလို ခံစား လိုက်ရတယ်။ အဲ့ဒါနဲ့ပဲ သူများတွေ ဆန္ဒပြရင်လိုက်ပြတယ်။ နောက်တော့ စာတွေဖတ်ပြီး၊ ဟောပြောပွဲတွေနားထောင်ပြီး စစ်တပ်ရဲ့ ယုတ်မာမှုတွေကို သိလာရတယ်။ နောက်ပိုင်း ဘာလို့ လုပ်နေတာလဲဆိုတဲ့ အကြောင်းပြချက်တွေက ပိုပြီးခိုင်မာလာတာ” ဟု စစ်မေဂျီဂျီက ဆိုသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် စစ်အာဏာသိမ်းပြီး နောက်ပိုင်းပေါ်ပေါက် လာခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးတပ်များထဲတွင် ဗမာလူမျိုးကိုယ်စားပြုဖွဲ့စည်းထားသည့် စစ်တပ်ဖြစ်သည်။ BPLA တွင် အခြေခံစစ်သင်တန်း၊ နိုင်ငံရေးသင်တန်းနှင့် မီဒီယာသင်တန်းများကို လေ့လာသင်ကြား ခဲ့ရပြီး နိုင်ငံရေးအသိ၊ စစ်ရေးအသိများ ပိုမိုတိုးတက်လာခဲ့သည်ဟု ဂျီဂျီကဆိုသည်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း မယုံနိုင်စရာကောင်းလောက်အောင် သန်စွမ်းကြံ့ခိုင်လာခဲ့သည်ဟု စစ်တပ်ထဲရောက်ပြီး နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုများနှင့် ပတ်သက်၍ ၎င်းက ပြောပြသည်။

“ အရင်က တိုက် ငါးလွှာကို တက်ရင် သိပ်မတက်နိုင်ဘူး။ ခုဆို တောင်တွေတက်လာနိုင်တယ်။ ဆန်အိတ် ကိုတောင် ထမ်းနိုင်လာတဲ့အထိကို ခန္ဓာကိုယ်ကကြံ့ခိုင်လာတယ်” ဟုလည်း စစ်မေဂျီဂျီက ပြောပြသည်။

အချို့ဒေသများတွင်မူ အမျိုးသမီးများဖြင့် သီးသန့်ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေးတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းထားကြသည်။ ၎င်းတို့အထဲတွင် အညာဒေသမှ အမျိုးသမီး စစ်သည်တော်တပ်ရင်း-မြောင် (M2W) မှာ ထင်ရှားသည့်တပ်ဖွဲ့တစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် စတင်တည်ထောင်ခဲ့သည့် M2W မှာ စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အသုံးပြုရန်အတွက် လက်လုပ် မိုင်းများကို အဓိက ထုတ်လုပ်သည့်အဖွဲ့တစ်ခုဖြစ်သည်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တွင်လည်း ၂၀၂၁ ခုနှစ် မေလထဲ၌ တပ်ရင်း(၅) အမျိုးသမီးတပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပထမဦးဆုံးအမျိုးသမီးတပ်ဖွဲ့ ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ် တစ်ခုလည်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး စသဖြင့် ကဏ္ဍအသီးသီးမှာ ပြိုလဲနေပြီး အမျိုးသမီးများမှာ ထိုဒဏ်များကို ပို၍ဆိုးရွားစွာကြုံတွေ့နေရသည်။ အာဏာသိမ်း စစ်ကောင်စီက အမျိုးသမီးများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဆက်လက်ကျုးလွန်နေဆဲဖြစ်သည်။ မတည်ငြိမ်မှုများ၊ ပဋိပက္ခများ နှင့် ဖိနှိပ်ချုပ်ခြယ်မှုများကြားမှာပင် ပြီးခဲ့သည့် နှစ် မတ်လ (၈)ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုများနှင့် လူထုဟောပြောပွဲများကိုလည်း တစ်နိုင်ငံလုံးအနှံ့ ပြုလုပ်နိုင်ခဲ့သည်ဟု ဧပြီလ ၁၉ ရက်နေ့က ထုတ်ဝေခဲ့သည့် မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးများဆိုင်ရာ သတင်းသုံးသပ်ချက်အရ သိရသည်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ ဖေဖော်ဝါရီလ ၁ရက် ၂၀၂၁ ခုနှစ်မှစ၍  မေလ ၃၁ ရက် ၂၀၂၄ အထိကာလအတွင်း နိုင်ငံတဝန်းရှိ အကျဥ်းထောင်များတွင် အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် အမျိုးသမီးဦးရေ စုစုပေါင်း (၃၉၆၈) ဦးရှိပြီး သတ်ဖြတ်ခြင်း ခံရသည့်အမျိုးသမီးဦးရေမှာ စုစုပေါင်း (၉၉၉) ဦးအထိရှိလာပြီဖြစ်သည်။

ဖိုဝါဒ ကြီးစိုးမှုကိုပါ တော်လှန်နေရတဲ့ အမျိုးသမီးများ

“ဖိုဝါဒက စစ်အာဏာရှင် သက်ဆိုးရှည်စေဖို့ အားပေးနေတဲ့ဝါဒဖြစ်တယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အထွေထွေ အတွင်းရေးမှူး နာင်းမို့မို့ကပြောသည်။

မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာရှည်လျားသည့် ပဋိပက္ခများ၊ ​ပြည်တွင်းစစ်များနှင့် ခွဲခြားဆက်ဆံမှုများ၏ အရင်းအမြစ်များထဲတွင် ဖိုဝါဒကြီးစိုးမှု၊ စစ်အာဏာရှင်စနစ်နှင့် ဗမာလူမျိုးကြီးဝါဒတို့ပါဝင်ပြီး ဖိုဝါဒများသည် တန်းတူညီမျှမှုမရှိခြင်း၊ ခွဲခြားဆက်ဆံဖိနှိပ်မှုနှင့် မတရားမှုများကို အားပေးသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

“တော်လှန်ရေးမှာပါနေတဲ့ ခေါင်းဆောင်တွေ၊ လူပုဂ္ဂိုလ်တွေမှာ ဖိုဝါဒလွှမ်းမိုးနေတယ်။ ဒါကို ထောက်ပြတာတောင် လက်မခံတဲ့သူတွေရှိတယ်” ဟု နာင်းမို့မို့က ဆိုသည်။

မြန်မာနိုင်ငံတွင် အစဥ်အလာအားဖြင့် အမျိုးသမီးများမှာ ဘာသာရေးအရဖြစ်စေ၊ ရိုးရာ ဓလေ့ထုံးတမ်း အရ ဖြစ်စေ၊ ကျား-မဖြစ်တည်မှုအပေါ်မူတည်၍ ဖြစ်စေ အမြဲလိုလို ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ နေရပြီး ယခု တော်လှန်ရေးကာလတွင်လည်း အမျိုးသမီးများမှာ စစ်အာဏာရှင်ကိုသာမက ဖိုဝါဒ ကြီးစိုးမှုကိုပါတော်လှန်ပုန်ကန်နေကြရသည်။ ခေတ်စနစ်များပြောင်းလာခဲ့သည့်တိုင်အောင် မြန်မာ့ လူမှု အသိုင်းအဝိုင်းအတွင်းဖိုဝါဒကြီးစိုးမှုမှာ မပြောင်းမလဲ အမြစ်တွယ်နေဆဲပင်ဖြစ်ကာ မြန်မာစစ်တပ်သည်လည်း ဖိုဝါဒကြီးစိုးမှု ခိုင်မာအားကောင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာလာသည်နှင့် အမျှ အမျိုးသမီးများ၏ အာဏာသိမ်း စစ်ကောင်စီကို ဖြုတ်ချရေးအပြင် ဖိုဝါဒကြီးစိုးမှုများကိုပါ တော်လှန်တိုက်ပွဲဝင်နေမှုများမှာ အားကောင်းနေဆဲပင်ဖြစ်သည်။

“အဓိကက စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ဆိုပေမယ့် လူမှုအသိုင်းအဝိုင်းအတွင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဖိုဝါဒကြီးစိုးမှုကိုလည်း တိုက်ထုတ်ဖို့လိုတယ်ဆိုတာ သိလာကြတယ်။ ဖိုဝါဒကြီးစိုးနေတဲ့ လူမှုအသိုက်အဝန်းဟာ ကိုလိုနီစနစ်နဲ့စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေ ဖြစ်ပါတယ်” ဟု ဂျာမနီနိုင်ငံတွင် ပညာသင်ကြားနေကာ တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည့် German Solidarity Myanmar ကို ပူးတွဲတည်ထောင်သူ မငြိမ်းချမ်းမေက ဆိုသည်။

မငြိမ်းချမ်းမေသည် ဥရောပသမဂ္ဂနှင့် ဥရောပပါလီမန်တို့တွင် မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းမှုများနှင့် စပ်လျဥ်း၍ စကားဝိုင်းဆွေးနွေးပွဲများ၊ ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်နေသူဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်မှ စတင်၍ လူ့အဖွဲ့အစည်းအတွင်း ရှိနေသည့် ပြဿနာရပ်များကို အမျိုးသမီးဝါဒီ တစ်ယောက်၏ ရှုထောင့်မှဆွေးနွေးရန်နှင့် အမျိုးသမီးဝါဒီကို လူအများနှင့် ပိုမိုနီးစပ်စေရန်အတွက် Burma Podcast Network တွင် “အထက်ဆင်” အမည်ရှိ podcast ကို တင်ဆက်ပေးနေသူလည်း ဖြစ်သည်။

https://www.youtube.com/playlist...

မြန်မာလူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများဝတ်ဆင်သည့် ထဘီသည် ဘုန်းကံနိမ့်တတ်သည်ဟူသည့် အယူအဆရှိပြီး အမျိုးသားများကသာ သြဇာရှိသည်၊ အာဏာရှိသည်ဟု စွဲမြဲစွာခံယူထားသည့် စစ်တပ် ထဲတွင်လည်း ထဘီတန်းအောက်ဝင်လျှင် တိုက်ပွဲကျတတ်သည်ဟူသည့် ယူဆမှုရှိကြသည်။ မြန်မာ အမျိုးသမီးများသည် စစ်တပ်၏ ထို အယူသီးမှုကိုပင် လက်နက်အဖြစ်အသုံးပြုကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံတစ်ဝန်းတွင် တက်ကြွလှုပ်ရှား သူများ၊ ဆန္ဒပြသူများ၊ သပိတ်ခေါင်းဆောင်များက ထဘီများကို ခေါင်းပေါင်းလျက်၊ အလံထူလျက်ဖြင့် ဆန္ဒပြချီတက်ခဲ့ကြသည်။

“အမျိုးသမီးတွေရဲ့ သရုပ်သကန်ဆိုရင် ထဘီနဲ့တွဲမြင်တဲ့အခါ ကျွန်မတို့က အဲ့ဒီထဘီကို အလံကိုင်ပြီးထွက်မယ်။ ထဘီကို ရွံရှာတယ်။ မကြိုက်ဘူးဆိုတဲ့ စစ်တပ်က အုပ်စုတွေလည်းပဲ ဒီအလံကို မြင်ရင်ကြောက်ပြီးတော့ တုန်နေရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ့နော်။ သူတို့ရဲ့ ယုတ်ညံ့ ပါတယ်လို့ပြောတဲ့ထဘီဟာမနိမ့်ကျဘူး။ ငါတို့ရဲ့အောင်လံဖြစ်တယ်။ ဒီလိုနိမ့်ကျနေတဲ့ အတွေး အခေါ်တွေ၊ တလွဲအတွေးအခေါ်တွေကို ပြောင်းပြန်လှန်ချပစ်လိုက်တဲ့ဟာနဲ့ ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့ အောင်ပွဲဆိုပြီး သပိတ်လှုပ်ရှားမှုကို လုပ်ခဲ့ကြတာဖြစ်ပါတယ်” ဟု ထိုလှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိတွင် လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ၏ ၂၀၂၃-၂၀၂၄ ဗဟို အလုပ်အမှုဆောင်ကော်မတီဥက္ကဌဖြစ်သည့် မအယ်လီနာကဆိုသည်။

တော်လှန်ရေးအင်အားစုတွေထဲမှာလည်း ခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲ

အမျိုးသမီးများမှာ မြေပြင်ဆန္ဒပြပွဲများ၊ ရန်ပုံငွေရှာဖွေရေး၊ လက်နက်ကိုင်လှုပ်ရှားမှု၊ လူသားချင်း စာနာထောက်ထားမှုအကူအညီများ၊ ကျန်းမာရေးစောင့်ရှောက်မှု စသဖြင့် ကဏ္ဍအသီးသီးမှ တက်ကြွစွာ ပါဝင်နေသည့်တိုင်အောင် အတူပါဝင်နေသူ အမျိုးသားများ၏ ခွဲခြားဆက်ဆံမှုများကိုလည်း ရင်ဆိုင် နေရသည်ဟု တော်လှန်ရေးထဲပါဝင်နေသည့် အမျိုးသမီးများက ဆိုကြသည်။

“အမျိုးသားခေါင်းဆောင်တွေရဲ့ အတွေးအမြင်ထဲမှာကိုက အမျိုးသမီးတွေရဲ့ပါဝင်မှုက အရေးကြီးတယ် ဆိုတာရှိမနေဘူး။ အမျိုးသမီးတွေ ခေါင်းဆောင်မှုပိုင်းမှာပါဖို့ဆိုတာ မေးခွန်းတွေအများကြီး ထုတ်ခံ ရတာရှိတယ်။ ဘယ်လောက်အရည်အချင်းရှိလဲဆိုတာမျိုး၊ လုပ်နိုင်ပါ့မလားဆိုတာမျိုးပေါ့” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အထွေထွေ အတွင်းရေးမှူး နာင်းမို့မို့ကပြောသည်။

အမျိုးသမီးနှင့် လူ့အခွင့်ရေးလှုပ်ရှားဆောင်ရွက်နေသည့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို တည်ထောင်ခဲ့သည်မှာ နှစ် ၂၀ ကျော်ပြီ ဖြစ်ကာ ငြိမ်းချမ်း၍ တရားမျှတသည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ် လာစေရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများတွင် အမျိုးသမီးများ ပါဝင်မှုမြှင့်တင်ရေး နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စသည့်လုပ်ငန်းများကို အဓိကထား လုပ်ဆောင်သည့်အဖွဲ့ဖြစ်ပြီး အဖွဲ့ချုပ်တွင် တိုင်းရင်းသားဒေသအသီးသီးမှ အမျိုးသမီးအဖွဲ့ပေါင်း ၁၃ ဖွဲ့ ပူးပေါင်းပါဝင်သည်။ လက်ရှိနွေဦးတော်လှန်ရေးကာလတွင်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို ပံ့ပိုးကူညီခြင်းအပြင် ဖက်ဒရယ်ဒမီုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်လည်း တစိုက်မတ်မတ်လုပ်ဆောင်သွားမည်ဟု နာင်းမို့မို့က အဖွဲ့ချုပ်၏ လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ဆိုသည်။

တော်လှန်ရေးကာလအတွင်း စစ်ကောင်စီနှင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ကရင်နီဒေသတွင်မူ ကျန်းမာရေး၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် ပညာရေး လုပ်ငန်းများ၌ အမျိုးသမီး ဦးဆောင်ပါဝင်မှုနှုန်း မြင့်မားသော်လည်း ဆုံးဖြတ်ချက်ချနိုင်သည့် အပိုင်းတွင် ပါဝင်နိုင်မှု အားနည်းနေသေးသည်ဟု ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) မှ အတွင်းရေးမှူး-၂ မော်ဖရေမြာက ဆိုသည်။

“ဥပမာ-စစ်ရေးချုပ်လိုမျိုး၊ ကာကွယ်ရေးပိုင်းမှာတာဝန်ယူတဲ့သူက နိုင်ငံရေးအမြင်၊ စစ်ရေး အတွေ့အကြုံရှိရမယ်ဆိုရင် အမျိုးသမီးတွေက ခေတ်စနစ်အရ နိုင်ငံရေး၊စစ်ရေးအတွေ့အကြုံ မရှိခဲ့ဘူးသလို ပါဝင်ဖို့လည်း အခွင့်အရေးမရခဲ့တာကြောင့် အတွေ့အကြုံလည်းရှိထားမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း နိုင်ငံရေးအရ၊​စစ်ရေးအရ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တက်တက်ကြွကြွပါဝင်လိုတဲ့ အမျိုးသမီးတွေအများကြီးပေါ်ထွက်လာတဲ့အတွက် နေရာပေးမှုနဲ့ အခွင့်အလမ်းသာရှိရင် ဒီထက်ပိုပြီး ပါဝင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ၏ ကွပ်ကဲရေးမှူးမောင်ဆောင်းခကမူ “ကျွန်တော်တို့ တပ်ရဲ့ တပ်သားသစ်စုဆောင်းတဲ့နေရာမှာ အမျိုးသမီး ၁၀ ရာခိုင်နှုန်း မဖြစ်မနေပါရမယ်လို့ သတ်မှတ် ထားပါတယ်။ တပ်ရဲ့ အရေးပါတဲ့ ခေါင်းဆောင်မှုပိုင်းမှာ အမျိုးသမီးက ၄၀ရာခိုင်နှုန်း ရှိပါတယ်။ ဒီ ၄၀ ရာခိုင်နှုန်းကတော့ Quota အနေနဲ့ ဟန်ပြခန့်ထားတာမဟုတ်ဘဲနဲ့ အမျိုးသမီးတွေက တကယ် အရည်အချင်းရှိလို့ ၊ ထိုက်တန်လို့ ဒီနေရာမှာ ရှိနေကြတာဖြစ်ပါတယ်” ဟုဆိုသည်။

နိုင်ငံရေးလှုပ်ရှားမှုတိုင်းတွင် အမျိုးသမီးများ ပါဝင်ခဲ့သည့်တိုင်အောင် ၎င်းတို့၏ ပါဝင်မှုသည် အသိအမှတ်ပြုမခံရဘဲ အသေအချာလည်းမှတ်တမ်းတင်ထားခြင်းမရှိဟု ဥာဏ်လင်းသစ် သုတေသန အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မမွန်ရည်ကျော်က ၎င်း၏ သုတေသနစာတမ်းဖြစ်သည့် ‘Deconstructing values and beliefs that hinder women’s participation in the political sphere of Myanmar’စာတမ်းထဲတွင် ရေးသားခဲ့သည်။

လက်ရှိကာလတွင် တော်လှန်ရေးမှာ အားကောင်းနေသည့်တိုင်အောင် ဂျန်ဒါအရေး၊ အမျိုးသမီး အရေးနှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုအရေးစသည်တို့မှာ နောက်ပို့ခံထားရပြီး ဖွင့်ဟ ပြောဆို ရာတွင်လည်း စိန်ခေါ်မှုများရှိနေသည်ဟု အမျိုးသမီးတက်ကြွလှုပ်ရှားသူများက ဆိုကြသည်။ မြန်မာ့ လူ့အဖွဲ့အစည်းသည် အမျိုးသမီးများ၏ပါဝင်မှုကို အလေးမထားသည့် ဖိုဝါဒအလွန်လွှမ်းမိုးသော လူ့ အသိုင်းအဝန်းဖြစ်သောကြောင့် အမျိုးသမီးများ မည်မျှပင်ပါဝင်စေကာမူ အသိအမှတ်ပြုမှုများမှာ လည်း အားနည်းနေဆဲပင်ဖြစ်သည်ဟုလည်း ၎င်းတို့က ပြောသည်။

(ယခုဆောင်းပါးကို the Asia Pacific Forum on Women, Law and Development ၏ “Media and Visual Journalism Fellowship on Militarism, Peace and Women’s Human Rights” အစီအစဥ်မှ ပံ့ပိုးမှုဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။)